မြန်မာက ခိုးထုတ်လာတဲ့ ရှားပါးတိရိစ္ဆာန်တွေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း ဖမ်းမိ

German Primate Center (DPZ)- Leibniz Institute ကရိုက်ကူးထားတဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ ရှားပါးပုပ္ပါး မျာက်မျိုးစိတ်သစ် (နိုဝင်ဘာ ၁၀၊ ၂၀၂၀)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံကနေ ဒါဇင်နဲ့ချီတဲ့ ရှားပါးတိရိစ္ဆာန်တွေ ခိုးထုတ်လာတဲ့ လူ ၂ ဦးကို အာသံရဲနဲ့ သစ်တောဌာနအရာရှိတွေက ဒီကနေ့ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ မြန်မာ- မီဇိုရမ် နယ်စပ်ကနေ Delhi မြို့ဘက်ကိုမောင်းလာတဲ့ ကား ၂ စီးထဲမှာ ရှားပါးတိရိစ္ဆာန်တွေဖြစ်တဲ့ သားပိုက်ကောင်မျိုးရင်းထဲက Wallaby တွေ၊ ရှားပါးကုန်းလိပ်တွေနဲ့ မျောက်တွေပါဝင်တယ်လို့ ရဲကပြောပါတယ်။ သူတို့ဟာ ဒီတောရိုင်းတိရိစ္ဆာန်တွေကို အနောက်ဘင်္ဂလားပြည်နယ်ထဲက Siliguri ကို ပို့ဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကပဲ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်ထဲကို ရှားပါးတိရိစ္ဆန်တွေ ခိုးထုတ်နေတာတွေ့ရပြီး အဲဒီကမှတဆင့် အိန္ဒိယပြည်မထဲ ပို့နေသလို အခုဆို အနောက်ဘင်္ဂလားပြည်နယ်မြောက်ပိုင်းဟာ တောရိုင်းတိရိစ္ဆာန် မှောင်ခိုရောင်းဝယ်ရာဌာန ဖြစ်လာနေတယ်လို့ အာသံ သစ်တောအရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ မီဇိုရမ်နယ်စပ်က Champhai နဲ့ မဏီပူနယ်စပ်က မိုရေး လမ်းကြောင်းတွေအပြင် Nagaland ပြည်နယ်ဘက်ကနေလည်း အိန္ဒိယဘက်ကို တောတိရိစ္ဆာန်တွေ ခိုးထုတ်လေ့ရှိတယ်လို့ ပြောပါတယ်။ အနောက်ဘင်္ဂလားဘက်ကို တင်ပို့တဲ့ တောရိုင်းတိရိစ္ဆာန်တွေနဲ့ မှောင်ခိုသူ အများအပြားဟာ အာသံမှာ အဖမ်းခံရလေ့ရှိတာပါ။

အခု ဖမ်းဆီးရမိသူ ၂ ဦးကိုတော့ တခြား တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်ကူးမှုတွေနဲ့ ဆက်နွယ်မှုရှိမရှိစစ်ဆေးနေသလို တောကောင်တွေကိုလည်း အမျိုးစား ခွဲခြားဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဧပြီလတုန်းကလည်း မြောက်ပိုင်းက ပါးဖြူ မျောက်လွှဲကျော်နဲ့ အမွှေးဖွား Capuchin မျောက် အပါအဝင် ရှားပါးမျောက်မျိုးတွေနဲ့ Wallaby တွေလို ရှားပါးသတ္တဝါတွေ ဖမ်းမိခဲ့တယ်လို့ သစ်တောအရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ဧပြီလထဲမှာပဲ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက ရှားပါး မျောက်လွှဲကျော်တွေ ခိုးထုတ်လာတဲ့ မဏီပူ ဒေသခံ ၂ ဦးကို အာသံမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာက ခိုးထုတ်လာတဲ့ ရှားပါးတိရိစ္ဆာန်တွေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း ဖမ်းမိ.mp3

===============

[[Unicode]]





