မြန်မာပြည်သူ အဖိနှိပ်ခံရမှု ရပ်တန့်ရေး နိုင်ငံတကာအရေးယူဖို့ ကုလတိုက်တွန်း 

လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။

[[Zawgyi/Unicode]]

မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေကို ရပ်တန့်ရေး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအစိုးရတွေအနေနဲ့ မဖြစ်မနေ ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ- မြန်မာစစ်တပ်ရဲ့ဝင်ငွေလမ်းကြောင်းတွေနဲ့ လက်နက်ထောက်ပံ့မှုတွေကို ဖြတ်တောက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပိုမိုလုပ်ဆောင်ကြဖို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ စီးပွားရေး အကျိုးအမြတ်တွေနဲ့ပတ်သက်လို့ ဖေါ်ထုတ်တင်ပြခဲ့တဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်ကနေ အစောပိုင်းကတည်းက အကြံပြုထားတဲ့ အချက်တွေအတိုင်း နောက်ဆက် တွဲအနေနဲ့ လူ့အခွင့်အရေးရုံးက ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။

ဒီကနေ့ ထုတ်ပြန်တဲ့အစီရင်ခံမှာလည်း တပ်မတော်ကို ပစ်မှတ်ထားတဲ့ ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ဖို့ FFM ရဲ့ အကြံပြုချက်တွေကို ထပ်လောင်းဖေါ်ပြထားပါတယ်။ တချိန်တည်းမှာပဲ ဒီလိုနိုင်ငံတကာက အရေးယူဆောင်ရွက် ရာမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်ပြီး မျှော်မှန်းထားလို့မရတဲ့ လူမှု-စီးပွားရေးအပေါ် ထိခိုက်မယ့်အခြေအနေတွေကို တတ်နိုင်သလောက် နည်းပါးစေဖို့ ကြိုးပမ်းရမှာဖြစ်တယ်လို့ အလေးပေး ရေးသားထားပါတယ်။

နိုင်ငံအတော်များများဟာ မြန်မာစစ်တပ်အပေါ်မှာ လက်နက်တွေကို ဆက်လက်ထောက်ပံ့နေပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်ဆောင်နေတယ် လို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးကတည်းက အဓိပ္ပါယ်ပြည့်ဝပြီး ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ အုပ်ချုပ်ဖို့ ပျက်ကွက်ခဲ့တဲ့အပြင် အဲဒီအစား ပြည်သူတွေအပေါ် ဖိနှိပ်အကြမ်းဖက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

တပ်မတော်အပေါ် စီးပွားရေးအရ အထီးကျန်စေဖို့ FFM ရဲ့အကြံပြုချက်တွေထဲ တိုးတက်မှု တချို့ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် လုပ်ဆောင်ရမယ့် အရေးကြီးတာတွေကတော့ ကျန်နေဆဲပဲလို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့နေရာမှာ စစ်တပ်ရဲ့ နိုင်ငံခြားငွေသုံးစွဲခွင့်အပေါ် အထူးအာရုံစိုက်သင့်ကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

မြန်မာပြည်သူ အဖိနှိပ်ခံရမှု ရပ်တန့်ရေး နိုင်ငံတကာအရေးယူဖို့ ကုလတိုက်တွန်း .mp3

===============

[[Unicode]]






