[[Zawgyi/Unicode]]
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေချိန်မှာပဲ အာဆီယံထိပ်သီးနဲ့ ဆက်စပ်စည်းဝေးပွဲတွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေပါတယ်။ နိုဝင်ဘာ ၈ ရက်ကနေ ၁၃ ရက်နေ့အထိကျင်းပနေတဲ့ အစည်းအဝေးတွေမှာ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံကို နိုင်ငံရေးကိုယ်စားပြုပြီး တက်ရောက်ခွင့်မပေးတဲ့အတွက် မြန်မာစစ်ကောင်စီက ဒီထိပ်သီးအစည်းအဝေးကို ကိုယ်စားပြုတက်ရောက်ခွင့်မရပါဘူး။
မြန်မာ့အရေး ဘုံသဘောတူညီချက်ကို အခုအစည်းအဝေးမှာ ပြန်လည်သုံးသပ်ဖို့ရှိတဲ့အတွက် မြန်မာ့အရေးဟာ ဒီအစည်းအဝေးရဲ့ ဦးစားပေးအစီအစဉ်တခုမှာ ရှိမယ်လို့ ယူဆကြပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေထဲ မြန်မာနိုင်ငံအရေးလည်း ပါလိမ့်မယ်လို့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ကပ်ရောဂါအရေး၊ ရုရှား-ယူကရိန်းအရေး၊ တောင်တရုတ်ပင်လယ်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေအပြင် မြန်မာနိုင်ငံအရေး စတဲ့ကိစ္စတွေကို ဒီထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေး အဖြေရှာသွားမယ်လို့ အစည်းအဝေးကျင်းကမယ့် ကမ္ဘောဒီးယားနိုင်ငံကို မထွက်ခွာခင် သမ္မတ Marcos Jr ကပြောခဲ့တာပါ။
အာဆီယံထိပ်သီးအစည်းအဝေးအပြင် အာဆီယံနဲ့အခြားဆက်စပ်အစည်းအဝေးကိုလည်း ဆက်တိုက်ကျင်းပသွားဖို့ရှိတာကြောင့် ကမ္ဘောဒီးယားမြို့တော်တဝိုက်မှာ လုံခြုံရေးတွေ အထူးတင်းကြပ်ထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တသောင်းကျော်ကို ဖြန့်ကျက်ချထားတယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
လေးရက်ကြာမယ့် ဒီဆွေးနွေးပွဲတွေအတွင်း မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှု၊ ကပ်ဘေးပြန်လည်ထူထောင်ရေး၊ ဒေသတွင်းကုန်သွယ်ရေးနဲ့ ဥတုရာသီဖောက်ပြန်မှုကိစ္စတွေ ကိုင်တွယ်ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ ဒီဆွေးနွေးပွဲတွေကို အမေရိကန်သမ္မတ Joe Biden တတ်ရောက်ဖို့ရှိပေမယ့် တရုတ်သမ္မတ Xi နဲ့ ရုရှားသမ္မတ Putin တို့ကတော့ တက်ရောက်ဖွယ်မရှိဘဲ အဆင့်မြင့်ကိုယ်စားလှယ်တွေပဲ စေလွှတ်ဖွယ်ရှိပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ မြန်မာကိုယ်စားပြုမှုမပါတဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။
Your browser doesn’t support HTML5
မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေး.mp3
===============
[[Unicode]]