[[Zawgyi/Unicode]]
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းမစ်ဇိုင်းဒုံးတခု ဒီကနေ့ သောကြာနေ့မှာ ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း အနောက်ဘက် ကီလိုမီတာ ၂၀၀ အဝေးမှာရှိတဲ့ ပင်လယ်ပြင်ထဲက အထူးစီးပွားရေးဇုံအတွင်း ကျရောက်ခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတွေကပြောဆိုပါတယ်။
ဒီလုပ်ရပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
“ မြောက်ကိုရီးယားဘက်က ရန်စမှုတွေကို ဘယ်တုန်းကမှနဲ့မတူအောင် အကြိမ်ကြိမ်လုပ်နေပြီး ဒီလုပ်ရပ်ကို လုံးဝ လက်မခံနိုင်ကြောင်းနဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့” ဂျပန်ဝန်ကြီးချုပ် Kishida ထိုင်းနိုင်ငံမှာ ရောက်နေစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ Sunan ဒေသဘက်ကနေ အရှေ့ပင်လယ်ဘက်ကို တိုက်ချင်းပစ်ဒုံးကျည်တခု ပစ်လွှတ်ခဲ့တာကို တောင်ကိုရီးယား စစ်တပ်က ထောက်လှမ်းသိရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်ပြောခွင့်ရက ပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်ရဲ့ တွက်ချက်တိုင်းတာမှုအရ မစ်ဇိုင်းဒုံးဟာ ကီလိုမီတာ ၆ ထောင်ကျော်အမြင့်ကနေ ကီလိုမီတာတထောင်လောက်အဝေးကို အမြန်ဆုံးနှုန်းနဲ့ သွားခဲ့ပုံရတယ်လို့လည်း ပြောပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး Yasukazu Hamada ကတော့ ဒီတိုက်ချင်းပစ်ဒုံး လက်နက်ဟာ ကီလိုမီတာ ၁၅,၀၀၀ ထောင်လောက် အဝေးအထိ ပစ်ခတ်နိုင်ပြီး အမေရိကန်ပြည်ထောင်စုအထိ ရောက်အောင် ပစ်ခတ်နိုင်တဲ့ အနေအထားဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒေသတွင်းမှာ အမေရိကန်စစ်တပ်တွေ တိုးချနေတဲ့အတွက် စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက သတိပေးထားပြီးနောက် ခုလို တိုက်ချင်းပစ်ဒုံးကို ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
အခုလို မြောက်ကိုရီးယားဘက်က အခုလို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတခု ပစ်လွှတ်ခဲ့ပြီးနောက် APEC ထိပ်သီး ညီလာခံအတွက် ဘန်ကောက်မြို့မှာ ရောက်နေတဲ့ အမေရိကန်ဒုတိယသမ္မတ Kamala Harris နဲ့ ဂျပန်၊ တောင်ကိုရီးယား၊ Australia၊ New Zealand နဲ့ကနေဒါ ခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
Your browser doesn’t support HTML5
တိုက်ချင်းပစ်မစ်ဇိုင်းဒုံး မြောက်ကိုရီးယား ပစ်လွှတ်.mp3
============
[[Unicode]]