[[Zawgyi/Unicode]]
အမေရိကန်နိုင်ငံမှာ ကုန်ပစ္စည်း လက်လီအရောင်းဆိုင်တွေရဲ့ ရောင်းအား မျှော်လင့်ထားတာထက် အများကြီး ကျသွားပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း အခုလိုကျဆင်းခဲ့ပြီး ၁၁ လအတွင်း အများဆုံးအဆင့်ကျဆင်းသွားခဲ့တာလို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ လ အောက်တိုဘာတုန်းကတော့ အမေရိကန်တွေရဲ့အားလပ်ရက်ရာသီ အစ၊ ကုန်စုံဆိုင်ကြီးတွေမှာ လျှော့ဈေးနဲ့ရောင်းတဲ့ပစ္စည်းတွေကို အလုအယက်ဝယ်ခဲ့တာကြောင့် ကုန်ပစ္စည်းရောင်းအား တချက် တက်သွားခဲ့ပါသေးတယ်။
ဒါပေမဲ့ အားလုံးခြုံကြည့်မယ်ဆိုရင် နိုဝင်ဘာလအတွင်း ကား၊ ပရိဘောဂပစ္စည်း၊ လျပ်စစ်ပစ္စည်း စတာတွေအပါအဝင် ရောင်းအား ဝ.၆% အထိ ကျဆင်းသွားခဲ့ပါတယ်။ အဝတ်အထည်၊ အားကစားပစ္စည်း၊ စာအုပ်နဲ့ တခြားအသုံးအဆောင်တွေ အင်တာနက်အွန်လိုင်းက ရောင်းဝယ်တာတွေမှာလည်း ကျဆင်းသွားခဲ့ပါတယ်။
စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေမှာတော့ ရောင်းအားတက်ခဲ့ပြီး ဝ.၉% တက်လာခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း အလုပ်လက်မဲ့ အကျိုးခံစားခွင့်လျှောက်ထားတဲ့သူ ပြီးခဲ့တဲ့ ၅ လအတွင်း လျော့ကျ သွားပြီး အလုပ်သမားဈေးကွက်မကျဘဲ တန့်နေတာကလည်း သုံးစွဲမှုအား ကျဆင်းမသွားအောင် အထောက်အကူပြုနေပြန်တယ်လို့ နောက်ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အတိုးနှုန်းကြီးမြင့်မှု၊ စီးပွားရေးကျဆင်းနိုင်တယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့် အိမ်ထောင်စုအသုံးစရိတ်၊ ဝယ်လိုအားတွေအပေါ် အခုလို ရိုက်ခတ်လာတာလို့ သုံးသပ်သူတွေကလည်း ထောက်ပြနေပါတယ်။
ယူကရိန်းစစ်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အထူးသဖြင့် ဥရောပမှာ ထိခိုက်တာနဲ့ ကိုဗစ်ပိတ်ဆို့ခဲ့မှုကြောင့် တရုတ်စီးပွားရေး အပြည့်ပြန်မပွင့်ခဲ့တာတွေအတွက် တကမ္ဘာလုံးမှာလည်း စီးပွားရေးထိခိုက် လာခဲ့လို့ အများစု စီးပွားရေးသုံးသပ်ချက်တွေမှာ ပြောထားပါတယ်။
#အမေရိကန်စီးပွါးရေး #လက်လီအရောင်းဆိုင် #ရောင်းအားကျဆင်း #အတိုးနှုန်းကြီးမြင့် #အလုပ်လက်မဲ့ခံစားခွင့်
Your browser doesn’t support HTML5
အမေရိကန်လက်လီအရောင်း မျှော်လင့်ထားတာထက် ကျဆင်း.mp3
=================
[[Unicode]]