ရိုဟင်ဂျာတွေကို နယူးဒေလီအစိုးရနေရာချပေးမယ်

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျမူးမြို့မှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နယူးဒေလီမြို့တော်က သတ်မှတ်ထားတဲ့တိုက်ခန်းတွေမှာ နေရာချပေးမယ်လို့ အိန္ဒိယအိုးအိမ်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

နယူးဒေလီမြို့အနောက်ဘက်က Bakkarwala ဆိုတဲ့ အရပ်မှာထားပေးမှာဖြစ်ပြီး သူတို့ကို UN ရဲ့ ဒုက္ခသည်အသိအမှတ်ပြုကဒ်ပြား၊ အခြေခံလိုအပ်ချက်တွေနဲ့ ၂၄ နာရီ လုံခြုံရေးပေးမယ်လို့ ဝန်ကြီး Hardeep Singh Puri က Twitter လူမှုကွန်ယက်မှာ ရေးသားပြောဆိုခဲ့တာပါ။ ခိုလှုံလိုသူ ဒုက္ခသည်တွေကို အိန္ဒိယနိုင်ငံက အမြဲတစေကြိုဆိုနေပါတယ်လို့လည်းဆိုပါတယ်။ ဒုက္ခသည်ဘယ်နှယောက်ကို နေရာထိုင်ခင်းပေးမှာလဲဆိုတာကိုတော့ ဝန်ကြီးက အတိအကျ ပြောဆိုခြင်း မရှိပါဘူး။

အိန္ဒိယနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းအထိ ရိုဟင်ဂျာ ၁၇,၀၀၀ လောက်ရှိပြီး New Delhi မြို့မှာ ၁,၁၀၀ လောက်ရှိနေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတယောက်ရဲ့ အပြောကို Reuters သတင်းမှာ ကိုးကားဖော်ပြပါတယ်။ ရိုဟင်ဂျာအများစုဟာ အလုပ်ကြမ်းသမားတွေ၊ ဈေးဆိုင်ရောင်းသူတွေနဲ့ ဆိုက်ကားနင်းသူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အခုလို ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာချပေးရေးကိစ္စကို New Delhi အစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေကြား စည်းဝေးခဲ့ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိ ရိုဟင်ဂျာတွေနေထိုင်နေကြတဲ့ Madanpur Khadar အရပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာ ခုလို သူတို့ကို နေရာချထားရေးကို မြို့တော်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လူများစု ဟိန္ဒူဘာသာကိုးကွယ်နေတဲ့ အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဝန်ကြီးချုပ် Narendra Modi အစိုးရက နေရပ်ပြန်ပို့နိုင်ဖို့ အရင်က ကြိုးစားခဲ့ပြီး အခုတော့ နေရာထိုင်ခင်းပေးမယ်လို့ ကြေညာတာဖြစ်ပါတယ်။ နေရာသစ်ကို ယာယီထိန်းသိမ်းရေးစခန်းပုံစံမျိုးလုပ်မှာ ရိုဟင်ဂျာတွေ စိုးရိမ်နေကြတယ်လို့ သူတို့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေကို နယူးဒေလီအစိုးရနေရာချပေးမယ်.mp3

=============

[[Unicode]]





