အီရန်မှာဆန္ဒပြသူတွေ သေဒဏ်စီရင်မှု အစိုးရကိုယ်တိုင်အားပေးတဲ့ သတ်ဖြတ်မှုအဖြစ် ကုလဝေဖန် 

အီရန်နိုင်ငံအတွင်း သေဒဏ်စီရင်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို ဆန့်ကျင်ကန့်ကွက်နေကြသူတွေက နယူးယောက်မြို့ကုလသမဂ္ဂရုံးက ကုလဆိုင်ရာ အီရန်အမြဲတမ်းသံအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြနေကြစဉ်။  

[[Zawgyi/Unicode]]

အစိုးရဆန့်ကျင်သူတွေကို အီရန်အစိုးရက သေဒဏ်စီရင်မှုတွေဟာဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကိုချိုးဖောက်မှုဖြစ်ပြီး အစိုးရကိုယ်တိုင် ကမကထလုပ် အားပေးတဲ့သတ်ဖြတ်မှုမြောက်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက ပြောလိုက်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး ပြောခွင့်ရ Ravina Shamdasani ကပြောဆိုခဲ့တာပါ။

“ဆန္ဒပြပွဲတွေစီစဉ်တာနဲ့ ပါဝင်တာလို အခြေခံအခွင့်အရေးတွေ ကျင့်သုံးသူတွေကို ရာဇဝတ်ကြောင်းနဲ့ တရားစီရင်အပြစ်ပေးမှုကို လက်နက်သဖွယ် အသုံးချနေတာဟာ နိုင်ငံက အားပေးထောက်ပံ့တဲ့ သတ်ဖြတ်မှု မြောက်ကြောင်း” မဟာမင်းကြီး Volker Turk က ပြောခဲ့တယ်လို့ သူမက ပြောသွားတာပါ။

အီရန်က လတ်တလောဆန္ဒပြပွဲတွေမှာပါဝင်ကြတဲ့ လူငယ်အမျိုးသား ၄ ဦးကို ပြီးခဲ့တဲ့လအတွင်းက သေဒဏ်စီရင်ခဲ့တာပါ။ ဘုရားကိုဆန့်ကျင်စစ် ဆင်နွှဲမှုနဲ့ ကမ္ဘာမြေပေါ်မှာ အကျင့်ပျက်ခြစားမှုတို့လို မရေမရာစွဲချက်တွေနဲ့ ပြစ်ဒဏ်စီရင်ပြီး သေဒဏ်ပေးတာ ဖြစ်ပါတယ်။ ဒီ စွဲချက်တွေဟာဆိုရင် ယုတ္တိမတန်တဲ့ အဓိပ္ပါယ်မဲ့ စွဲချက်တွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရ Shamdasani က ပြောပါတယ်။

နိုင်ငံတကာသတ်ဖြတ်မှုလိုမျိုး အဆိုးရွားဆုံး ပြစ်မှုမျိုးကိုသာ သေဒဏ်ပေးဖို့ ခွင့်ပြုထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာဥပဒေနဲ့လည်း မကိုက်ညီဘူးလို့ သူမက ပြောပါတယ်။

ကာဒ့် အမျိုးသမီးငယ် Masha Amini သေဆုံးခဲ့ရမှုနဲ့ ဆက်စပ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ပေါ်ပေါက်တဲ့ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး ၄၈၀ သေဆုံးပြီး လူပေါင်း ထောင်ချီ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ အနည်းဆုံး ၁၇ ဦးတို့ သေဒဏ် ချမှတ်ခံထားရပြီး သေဒဏ် ချမှတ်ခံရနိုင်တဲ့ စွဲချက်တွေ ရင်ဆိုင်နေရသူက ၁၀၀ ကျော် ရှိကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရက ပြောပါတယ်။

Your browser doesn’t support HTML5

အီရန်မှာဆန္ဒပြသူတွေ သေဒဏ်စီရင်မှု အစိုးရကိုယ်တိုင်အားပေးတဲ့ သတ်ဖြတ်မှုအဖြစ် ကုလဝေဖန် .mp3

================

[[Unicode]]





