သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ စစ်မှုမထမ်းမနေရ ဂယက် ထိုင်းနယ်စပ် ဧည့်စာရင်းစစ်ဆေး


 မြန်မာပြည်တွင်း စစ်မှုမထမ်းမနေရ ဂယက်ကြောင့် ထိုင်းနယ်စပ်မှာ ဧည့်စာရင်း စစ်ဆေးမယ်ဆိုတဲ့ ထိုင်းလဝကရဲ့ မြန်မာဘာသာနဲ့ ကြေညာချက် (Photo: Screenshot of Official Announcement)
မြန်မာပြည်တွင်း စစ်မှုမထမ်းမနေရ ဂယက်ကြောင့် ထိုင်းနယ်စပ်မှာ ဧည့်စာရင်း စစ်ဆေးမယ်ဆိုတဲ့ ထိုင်းလဝကရဲ့ မြန်မာဘာသာနဲ့ ကြေညာချက် (Photo: Screenshot of Official Announcement)


မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ပြဌာန်းချက် ထွက်ပေါ်အပြီးမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေများလာတဲ့အတွက် တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသားဧည့်သည်တွေလာရင် ဧည့်စာရင်း တိုင်ကြားရမယ်လို့ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဌာန်းချက် ထွက်ပေါ်အပြီးမှာ ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင်အတွင်းကို မြန်မာဘက်က ဝင်လာတဲ့သူတွေ ပိုများလာနေတာကြောင့် ထိုင်းဘက်က ပိုမိုတင်းကျပ်တဲ့အနေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်တွေ အိမ်ငှာပေးသူတွေသာမက ဟိုတယ်တွေမှာ လက်ခံမယ်ဆိုရင်လည်း ဧည့်စာရင်း တိုင်ကြားရမယ်လို့ တာခ့်ခရိုင် လူဝင်မှုကြီးကြပ်ရေးက အမိန့်ထုတ်ခဲ့တာပါ။

ဒီရက်ပိုင်းမှာ အဖမ်းဆီးတွေ ပိုများလာသလို တရားမဝင် မြန်မာတွေကို အများအပြား ဖမ်းမိနေတဲ့အတွက် ဒီလိုအမိန့်ကို ထုတ်ပြန်တာဖြစ်တယ်လို့ နယ်စပ်နေ ပြည်သူတဦးက ပြောပါတယ်။

" ၇ ရက် လက်မှတ်နဲ့နေကြတဲ့သူတေွ လက်မှတ် လုပ်ထားသူတွေအားလုံး သူတို့ဒီမှာရှိနေတဲ့အကြောင်း အိမ်ရှင်အိမ်ငှား တည်းခိုခန်း အရင်က လက်မှတ်အဟောင်း−အသစ်သမား အားလုံး ဧည့်စာရင်း တိုင်ခိုင်းတာ။ အခုဟာက လူသစ်တွေလည်း များလာတယ် လူဟောင်းတွေလည်းရှိတယ်။ အဲဒီတော့ ရဲကော တောမော(လ၀က)ကော စစ်သားကော ဖမ်းဆီးမှုတွေက ပိုများလာတယ် ဒီတော့ အဲဒီအမိန့်ကို ထုတ်တာပေါ့နော်။ "

အခုလိုတင်းကြပ်မှုတွေ လုပ်လာသလို တရားမဝင် နေထိုင်နေသူတွေအပေါ်မှာ အာဏာပိုင်တွေရဲ့ ငွေညှစ် တောင်းခံမှုတွေက ကြေးကြီးလာတဲ့အတွက်လည်း မြန်မာတွေအဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

" တင်းကျပ်လေ အောက်ကနေ တရားမဝင် နည်းလမ်းတွေနဲ့ ပိုလုပ်လာတာပေါ့ အရင်က သုံး ေလးငါးရာ ပေးလို့ရတာကို အခုက ငါးထောင် ခြောက်ထောင် တသောင်းပေးမှ ပြန်လွှတ်ပေးမယ် ဖြစ်လာတယ်။ အလကားနေ မြန်မာပြည်သားကို ပိုက်ဆံထွက်တဲ့ တွင်းကြီးလိုပဲ ငွေညှစ်ပြီး တောင်းခံနေတော့တာပဲ။ "

မြန်မာတွေအနေနဲ့ အခုလို တရားမဝင်နည်းနဲ့ နေထိုင် အလုပ်လုပ်ကိုင်ဖို့ လုပ်တာက အဆင်မပြေနိုင်ကြောင်းကိုလည်း အလုပ်သမားတွေကို အကူညီပေးနေတဲ့ MHAC (Myanmar Humanitarian Action Centre) က တာဝန်ခံကိုရဲမင်းက ပြောပါတယ်။

" တရားဝင် စနစ်နဲ့ ဝင်လာတာတောင် ပိုပြီး ပြဿနာတက်နေတယ် အခက်အခဲတွေကြုံနေတယ်။ MOU စနစ်နဲ့ ဝင်လာသူတွေဆို အလုပ်နေရာ မတူတာတွေ အလုပ်မရှိတာတွေ လုပ်အားခ မပေးတာတွေ သူဌေးက မောင်းထုတ်တာတွေ ကျနော်တို့ အမြဲရှင်းပေးနေရတယ်။ အခုက တရားမဝင် ဝင်လာရင် ပိုဆိုးလိမ့်မယ်။ "

၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ဖို့အတွက်လည်း လ၀ကရဲ့ အမိန့်ထုတ်ပြန်ထားပြီး ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်မယ် ဆိုရင်တော့ အများဆုံး ဘတ်တသောင်းလောက်ထိ ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တိုင်ကြားတဲ့အခါ လူကိုယ်တိုင်ဖြစ်စေ အီးမေလ်းနဲ့ဖြစ်စေ Call Center ကနေလည်း တိုင်ကြားနိုင်တယ်လို့ ရေးသားထားပါတယ်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ (၇)ရက် နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်ရောက်လာသူတွေကိုလည်း မဲဆောက်မြို့မှာ တရားဝင် နေထိုင်သူတွေက ထောက်ခံပေးမှသာ ဝင်ရောက်ခွင့်ပြုနေသလို တချို့လူငယ်တွေကိုလည်း ထိုင်းဘက်က ဝင်ခွင့် မပေးပဲ ပြန်လွှတ်နေတာတွေလည်း ရှိနေပါတယ်ရှင်။

မြန်မာ စစ်မှုမထမ်းမနေရ ဂယက် ထိုင်းနယ်စပ် ဧည့်စာရင်းစစ်ဆေး
please wait

No media source currently available

0:00 0:03:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG