သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရတာဝန်ရှိသူတွေ မြန်မာ့အရေးပိုမိုကူညီပေးရေးဆွေးနွေး


NUG ကထုတ်ပြန်ထားသည့် ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဦးဆောင်အဖွဲ့ဝင်တွေနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan တို့ တွေ့ဆုံဆွေးနွေးနေသည့်ပုံ (ဩဂုတ် ၁၆၊ ၂၀၂၄)
NUG ကထုတ်ပြန်ထားသည့် ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဦးဆောင်အဖွဲ့ဝင်တွေနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan တို့ တွေ့ဆုံဆွေးနွေးနေသည့်ပုံ (ဩဂုတ် ၁၆၊ ၂၀၂၄)

တိုင်းရင်းသားနဲ့တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှု ပိုအားကောင်းလာစေဖို့ အမေရိကန်က ထပ်ပြီး ကတိပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေး Tom Sullivan, အမေရိကန်အစိုးရ နိုင်ငံတကာကူညီထောက်ပံ့ရေးဌာန USAID ရဲ့ လက်ထောက် စီမံခန့်ခွဲရေးမှူး Michael Schiffer တို့နဲ့ အွန်လိုင်း တွေ့ဆုံပွဲအတွင်း ခုလို ကတိပြုခဲ့တယ်လို့ ဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ KNU ကရင်အမျိုးအသား အစည်းအရုံးပြောခွင့်ရ ဖဒိုစောတောနီးက ပြောပြပါတယ်။

"အရင်ကသဘောတူထားတဲ့ အကြောင်းအရာတွေအတိုင်း ဆက်လက်ကူညီသွားမယ်ပေါ့နော်။ ကျွန်တော်တို့ ဒေသအုပ်ချုပ်မှုတွေကို ပိုမိုခိုင်မာအောင်လုပ်ဖို့၊ ကျွန်တော်တို့ အချင်းချင်းကြား ဖယ်ဒရယ်တည်ဆောက်တဲ့အပိုင်းမှာ ပိုပြီး စည်းစည်းလုံးလုံးရှိဖို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ အချက်က အဓိကကျပါတယ်။"

NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ တိုင်းရင်းသားအဖွဲ့တချို့ ခေါင်းဆောင်တွေအပါအဝင် မြန်မာနိုင်ငံအပြောင်းအလဲအတွက် ကြိုးပမ်းနေကြသူတွေနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ ဩဂုတ်လ ၁၅ ရက်နေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူတွေကို ကူညီပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ တိုက်ရိုက်ပံ့ပိုးကူညီမှု၊ အကူအညီတွေ တိုးမြှင့်ပေးဖို့ အမေရိကန်ရဲ့ ကတိပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။

Tom Sullivan ဟာ အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေးတာဝန်ကို ဇွန်လမှာ ယူခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံအပြောင်းအလဲ ကြိုးပမ်းသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည်အသက်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken, USAID အကြီးအကဲ Samantha Power တို့ကို လွှတ်တော်မှာ ဩဇာညောင်းတဲ့ အထက်လွှတ်တော် Republican ပါတီခေါင်းဆောင် Mitch McConnell အပါအဝင် ပါတီ ၂ ရပ်လုံးက လွှတ်တော်အမတ်တွေက ဇွန်လကုန်ကပဲ စာပေးပို့ တောင်းဆိုခဲ့ကြပါတယ်။ ရက်စက်တဲ့ စစ်အစိုးရကို ရဲရဲဝံ့ဝံ့ တွန်းလှန်နေကြတဲ့ မြန်မာနိုင်ငံထဲက တော်လှန်ရေးအဖွဲ့တွေကို ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့ကူညီမှုတွေပေးနိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ အလုံးစုံပြည့်ဝပြီး တက်တက်ကြွကြွဗျူဟာနဲ့ မြန်မာနိုင်ငံ မူဝါဒတွေကို ပြန်လည်အသက်သွင်းပါလို့ စာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

ကန်အစိုးရတာဝန်ရှိသူတွေ မြန်မာ့အရေးပိုမိုကူညီပေးရေးဆွေးနွေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG