သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံ Dawei Watch သတင်းထောက် ၂ ဦး မိသားစုနဲ့ တွေ့ခွင့် မရသေး


ဖမ်းဆီးခံထားရတဲ့ Dawei Watch သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦး
ဖမ်းဆီးခံထားရတဲ့ Dawei Watch သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦး

Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတာ ၄ ရက်ကြာချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး။ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်က သတင်းရေးသားတာကြောင့်လို့ ပြောပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား အများအပြား အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုချိန်အထိ ဖမ်းဆီးခံထားရသူ ၆၁ ဦး ရှိနေပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

Dawei Watch သတင်းဌာနက မြိတ်အခြေစိုက် သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီအဖွဲ့တွေ သူတို့ရဲ့နေအိမ်ဆီ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ Dawei Watch အယ်ဒီတာချုပ်က ပြောပါတယ်။

"၁၁ ရက်နေ့ညက သန်းခေါင်အချိန် ၁၂ နာရီလောက်မှာ ကိုအောင်ဆန်းဦးအိမ်ကို ရဲ၊ စစ်တပ်၊ စရဖ၊ ရပ်ကွက်အုပ်ချုပ်ရေး စသဖြင့် အဖွဲ့အစုံက လူတော်တော်များများပါတယ်။ အိမ်ပေါ်တက်လာပြီးတော့ ဖုန်းတွေ၊ ကွန်ပြူတာတွေ တောင်းတယ်ပေါ့လေ။ သတင်းရေးလို့ ဖမ်းတယ်လို့လည်း ပြောတယ်ပေါ့နော်။ မိသားစုဝင်တွေရဲ့ ဖုန်းတွေပါ ယူသွားတယ်လို့ သိရတယ်။ ကိုမျိုးမြင့်ဦး အိမ်ကျတော့ ဧည့်စာရင်း စစ်ဆေးစရာ ရှိလို့ဆိုပြီး လာခေါ်သွားတယ်။ သူကတော့ ကားတစီးနဲ့ပဲ လာတယ်လို့ပြောတယ်။"

သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ သတင်းရေးသားလို့ ဖမ်းဆီးတာဖြစ်တယ်လို့ မိသားစုဝင်တွေကို ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးကို ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပေမဲ့ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြနေတဲ့ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း Dawei Watch အယ်ဒီတာချုပ်က ပြောပါတယ်။

"ရဲစခန်းကို ရောက်နေပြီလို့ သိရတယ်။ ဒါပေမဲ့ မိသားစုတွေနဲ့တော့ အခုချိန်ထိ ပေးမတွေ့သေးဘူး။ သွားတွေ့လို့လည်း မရသေးဘူး။ တကယ်တော့ဗျာ သတင်းရေးတယ်ဆိုတာက ကျနော်တို့မှာ သတင်းစာ ကျင့်ဝတ်တွေ ရှိတယ်လေ။ ကျနော်တို့အားလုံးသည် ဒီသတင်းစာကျင့်ဝတ်နဲ့အညီ လုပ်ကြ ကိုင်ကြ ရေးကြတာဖြစ်တယ်။ အဲဒီအခါကျတော့ ကျနော်တို့ သတင်းရေးတာသည် ပြစ်မှုကျူးလွန်တာ မဟုတ်ဘူး။ ကျနော်တို့ Professional အရ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုပဲ လုပ်ကြတယ်။ အဲတော့ ဒီဟာကို ပြစ်မှု ကျူးလွန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီး၊ စစ်ဆေး၊ ချုပ်နှောင်တာမျိုးတွေ လုပ်လို့မရဘူးလို့ ကျနော်ယုံကြည်တယ်။ အဲဒီအတွက်လည်း ဒါမျိုးမလုပ်ဖို့၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်ဗျ။"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူ အကျဉ်းချခံရတဲ့ အထဲမှာ ပြည်တွင်းက သတင်းသမား အများအပြား အပြင် နိုင်ငံရပ်ခြားက သတင်းသမားတွေလည်း ပါဝင်နေတာပါ။ အခုချိန် အထိဆို ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ သတင်းသမားက စုစုပေါင်း ၆၁ ဦး ရှိနေ ပြီး ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖေါက်တာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တာဝန်ရှိသူ တဦးက ပြောပါတယ်။

"အခုလောလောဆယ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီသတင်းထောက် နှစ်ယောက်ကိုဖမ်းတာက နောက်ဆုံးဖြစ်တယ်။ အဲဒီအရှေ့မှာလည်း လက်ရှိအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်က ၅၉ ယောက်ရှိတယ်။ အဲတော့ ဒါကဘာကိုပြနေလဲ ဆိုတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာစပြီးလုတဲ့ အချိန်ကတည်းက မတရား အာဏာလုတာလေ။ ဥပဒေနဲ့ ဘာတခုမှ ညီတာမျိုး မဟုတ်ဘူးလေ။ အခုချိန်ထိလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်နေရာကိုမှ ကောင်းကောင်းမွန်မွန် အုပ်ချုပ်နိုင်ခြင်း မရှိသေးဘူးပေါ့။ ဒါပေမဲ့ သူတို့ကတော့ ဖမ်းလို့ရတဲ့အချိန်မှာ မတရားဖမ်းတာ တွေကတော့ ရှိတာပေါ့။ သတင်းထောက်တွေကို ဖမ်းတယ်ဆိုတဲ့ ကိစ္စကတော့ လွတ်လပ်စွာ သတင်းရေးသား ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဒါတွေကို ထပ်ပြီးတော့ ချိုးဖောက်လိုက်တာ ဖြစ်တယ်ပေါ့နော်။"

သတင်းသမားကတော့ ၁၂၃ ဦး ကတော့ ဖမ်းဆီးချုပ်နှောင်ခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းကစပြီး သတင်းသမားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်က တောက်လျှောက်ရှိနေတာ ဖြစ်ပြီး ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်မှု ခံကြရသလို ထောင်ဒဏ် ပစ်ဒဏ်တွေလည်း ချမှတ်ခံနေကြရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ Myanmar Now သတင်းဌာနက ဓာတ်ပုံသတင်းထောက်တဦးကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်ပြီး၊ ဒါဟာ အာဏာသိမ်းပြီးနောက်မှာ သတင်းထောက်တဦးကို အများဆုံး ပြစ်ဒဏ်ချမှတ်တာလည်း ဖြစ်ပါတယ်။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တရုတ်နဲ့ အီရန်နိုင်ငံ ပြီးရင် ကမ္ဘာတဝန်း သတင်းထောက်တွေကို ဖမ်းဆီး၊ ထောင်ချမှု တတိယအများဆုံး နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဖမ်းဆီးခံ Dawei Watch သတင်းထောက် ၂ ဦး မိသားစုနဲ့ တွေ့ခွင့် မရသေး
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG